အမျိုးသားဆိုက်ဘာလုံခြုံရေး ( National Cyber Security)

အမျိုးသားဆိုက်ဘာလုံခြုံရေး ( National Cyber Security) ဟု ဆိုကြရာတွင် နိုင်ငံတစ်ခုအတွင်း လည်ပတ်ဆောင်ရွက်လျက်ရှိသော ဆိုက်ဘာကွန်ယက်များနှင့် ထိုကွန်ယက်များကို မှီခိုချိတ်ဆက်ကာ နိုင်ငံတော်၏ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းများ၏ သတင်းအချက်အလက်လုံခြုံရေးတို့မှာ အဓိကကျသည့်
အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်လျက်ရှိပါသည်။

ယနေ့အချိန်ကာလသည် နိုင်ငံအတွင်း e-Government စနစ်တစ်ခုကို ခိုင်ခိုင်မာမာ ပေါ်ထွန်းလာရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားတည်ဆောက်နေကြသည့်  အချိန်ဖြစ်ပါသည်။

ဤကဲ့သို့ တည်ဆောက်ရာတွင် နိုင်ငံတော် အတွင်း အသုံးပြုမည့် Network များ၊ Data Servers များ၊ ကွန်ယက်ချိတ်ဆက်မှု တွင်ပါဝင်သော Hardware and Software များနှင့် e-Government စနစ်ကို လက်တွေ့ဆောင်ရွက် ရမည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ အတွင်း အသုံးပြုသူများ၏ လျှို့ဝှက် (သို့မဟုတ်)
ကန့်သတ်ထားသော သတင်းအချက် အလက်များ၊ ပိုင်ဆိုင်မှု များကို လုံခြုံစိတ်ချစွာထိန်းသိမ်းနိုင်ရေး၊ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေး၊ ဖြောင့်မတ်မှန်ကန်စွာ အသုံးပြုနိုင်ရေး၊ အပြန်အလှန် ယုံကြည်စိတ်ချစွာ ဖလှယ်နိုင်ရေး၊ ဖြန့်ဝေနိုင်ရေး၊ အသုံးပြုနိုင်ရေးနှင့် ကွန်ယက်တို့အား နိုင်ငံတော်၏ အဆင့်အတန်းနှင့် လျော်ညီစွာလုံခြုံရေးတို့ကို ဆောင်ရွက်ပေးနိုင်ရန် အလွန်အရေးကြီးပါသည်။

အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ လုပ်ငန်းတာဝန်များဖြစ်သော သတင်း အချက်အလက် လုံခြုံရေးဆိုင်ရာ မူဝါဒများ၊ နည်းလမ်းများ၊ လမ်းညွှန်ချက်များအား လိုအပ်သလို ပူးပေါင်းပါဝင် ဆောင်ရွက်ပြီး
အစိုးရ၏ သတင်းအချက်အလက်ကွန်ယက်အား စောင့်ကြည်ခြင်း၊ ကာကွယ်ခြင်း၊ အရေးပေါ်ကိစ္စရပ်များအားတုန့်ပြန်ခြင်း၊ အသိပညာဖြန့်ဝေခြင်း၊ သတင်းအချက် အလက်နည်းပညာ လုံခြုံရေးစစ်ဆေး ပေးခြင်း၊ ဆိုက်ဘာကွန်ယက်လုံခြုံရေးကျိုးပေါက်မှုများ မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ၂၄ နာရီ ၇ ရက်ပတ်လုံး လုပ်ဆောင်သွားရမည်ဖြစ်ပါ သည်။

ဆိုက်ဘာလုံခြုံရေးကိုဆောင်ရွက်ရာတွင် အင်တာနက်ပေါ်တွင် လူထုနှင့် ထိတွေ့ဆက်စပ်နေကြသည့်
Media များ၊ Social Network များနှင့် အင်တာနက်ကို အမှီပြုနေကြရသည့်ငွေကြေးဆိုင်ရာလုပ်ငန်းစဉ်များတွင်ဖြစ်ပေါ်နေသော ရာဇဝတ်မှုများကိုသာမက နိုင်ငံတော်နှင့် နိုင်ငံတော်၏ အရင်းအမြစ်လုပ်ငန်းရပ်များအပေါ်အမြတ်ထုတ် ဆောင်ရွက်လျက်ရှိသော ဖြစ်ရပ်များကိုပါ ထိန်းချူပ်စောင့်ကြည့်နိုင်ရမည် ဖြစ်ပါသည်။

ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော မဟာဗျူဟာများကိုရေးဆွဲဆောင်ရွက်ထားရမည်ဖြစ်သော်လည်း နိုင်ငံတစ်ခု၏ အစိုးရဆိုက်ဘာလုံခြုံရေး အဖွဲ့များအနေဖြင့်လည်းဤကဲ့သို့သော အရေးအရာကိစ္စရပ်များတွင် နိုင်ငံအတွင်းရှိ တတိယ နည်းပညာရှင်အင်အားစုများနှင့်ပူးပေါင်းထိန်းသိမ်းဆောင်ရွက်မှသာ နယ်ပယ်အားလုံးကို လက်လှမ်းနိုင်မည် ဖြစ်ပါ သည်။

အမျိုးသားဆိုက်ဘာလုံခြုံရေးအတွက် စောင့်ကြည့်ထိန်းသိမ်းဆောင်ရွက်ရမည့် အရေးကြီးသော အချက်တစ်ခုမှာ ပြည်ပမှ ဝင်ရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်နေကြသော ISP Company များ ဖြစ်ပေသည်။

လေ့လာတွေ့ရှိချက်များအရ ပြည်ပ ISP Company များသည် မြန်မာနိုင်ငံတဝှမ်းလုံးတွင် Internet Backbone များကို ဖြန့်ကျက်ဆောက်လုပ်ပြီးစီးကာ International Gateway များမှ တဆင့်
 Bandwidth များရယူကာ ပြည်တွင်းတွင် ဈေးပေါပေါဖြင့် ချရောင်းလျက်ရှိသည်။

ထိုအားသာချက်ကို အမှီပြုပြီး တိုင်းရင်းသားပိုင် ISP များနှင့် IT Services Company များကို
အလဲထိုးကာ ဈေးကွက်ကို ဦးဆောင်နေသည့်အချက်မှာလည်း ငြင်း၍မရသော အချက်ဖြစ်သည်။
ထို့အပြင် မျက်စိဖြင့် မမြင်နိုင်သော နောက်ကွယ်က လုပ်ဆောင်ချက်များကိုလည်း သိရှိနိုင်စေရန်
ထိန်းချူပ်ဆောင်ရွက်သင့်သည်။

နိုင်ငံတစ်ခု၏ အစိုးရနှင့် နိုင်ငံတခုလုံး၏ အရင်းအမြစ်အားလုံးသည်  ထိုပြည်ပ ISP Company 
များအပေါ်တွင်သာ မှီခိုနေကြရပြီဆိုကြပါစို့။

ထိုနိုင်ငံ၏ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့် ချမှတ်ထားသော နိုင်ငံအဆင့် မဟာဗျူဟာမှန်သမျှတို့သည် အလိုလိုပေါက်ကြားနေပြီးဖြစ်သည်။

ကမ္ဘာပေါ်တွင် အမေရိကန်ကဲ့သို့သော နည်းပညာထိပ်တန်းရောက်နေသည့် အစိုးရမျိုးပင်လျှင်
တရုတ်နိုင်ငံ၏ ဆိုက်ဘာရာဇဝတ်မှုဒဏ်ကို မချိမဆန့် ခံစားနေရဆဲဖြစ်ပါသည်။

ယနေ့ နည်းပညာလောကတွင် ပြောနေကြသော စကားတစ်ခုရှိသည်။ “မင်းလောက်ကတော့
 Enter တစ်ချက်ခေါက်ရုံပဲ” ဟူသတည်း။

မြန်မာနိုင်ငံသည် Enter တစ်ချက်ကြောင့် ပြိုလဲသွားနိုင်လားဟုမေးလျှင် ပြိုလဲသွားနိုင်ပါသည်။

ယနေ့ အချို့သော အစိုးရဝန်ကြီးဌာနများနှင့် စီးပွားရေးလုပ်ငန်းကြီးများသည် အထက်တွင်ပြောဆိုခဲ့သည့် အပြောချို၊ ဈေးချိုသည့် ISP များ၏ ဆွဲဆောင်မှုတို့အောက်တွင် မျောပါလုလုနီးပါး ဖြစ်နေသည်။

ထို့ကြောင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်သည့် ခိုင်မာသော ဥပဒေများပြဌာန်းရေးအတွက် အလွန်တစ်ရာအရေးကြီးနေသလို အစိုးရအဖွဲ့နှင့် နိုင်ငံ၏ စီးပွားရေးကို မောင်းနှင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများကို ဆိုက်ဘာလုံခြုံရေး အမြင်ကျယ်ကျယ်ပြန့်ပြန့်ရှိစေရန် ပညာပေးဆောင်ရွက်ခြင်းနှင့် တောင့်တင်းခိုင်မာသော နည်းပညာဌာနများ ထားရှိရေး၊ လူထုအား ဆိုက်ဘာလုံခြုံရေး အသိအမြင်များပွင့်လင်းရေးတို့အတွက် အခါအားလျော်စွာ ပညာပေးဆောင်ရွက်ခြင်းများ လုပ်ဆောင်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

ထွန်းပိုင်စိုး (ဒါရိုက်တာ)
National Cyber Security and Forensics Solution Co.,Ltd.

Comments